ကျောက်ထုမြို့ဒေသတွင် ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေညာ

ကျောက်ထု အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားကြောင်း သိရှိရသည်။

ထိုသို့ ကြေညာခြင်းကို အောက်တိုဘာ (၁၄)ရက်နေ့အထိ ကြေညာပေးမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိနာမည် မပါရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ အခြားဒေသမှ လာရောက်သူဖြစ်ပါက ပုံစံ ၃(က) ဖြင့်လျှောက်ထားခြင်း၊ အဆိုပါ မဲစာရင်းတွင် မပါရှိသူများအား ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင်လွှာ ဖြည့်သွင်းခြင်းများကို သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများက စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောမြို့နယ် မဲဆန္ဒနယ်အတွင်း မဲဆန္ဒရှင် စုစုပေါင်း( ၅၈၇၉၃ )ဦးရှိပြီး၊ မဲဆန္ဒနယ် အမှတ်(၁)တွင် ( ၂၉၆၆၈) ဦးရှိပြီး၊ မဲဆန္ဒနယ်အမှတ်(၂)တွင်   (၂၉၁၂၅) ဦးရှိကြောင်း ဆောမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြို့စိန်၏ ပြောကြားချက် အရ သိရှိရသည်။

အေးလင်း(ပြန်/ဆက်)