ဆင်ပေါင်ဝဲ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်းအသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အပူဒဏ်အန္တရာယ် ပိုမိုခံစားရနိုင်သူများအား အေးမြသောနေရာတွင် နေထိုင်စေခြင်း၊ အလုပ် သမားများ၊ ဝန်ထမ်းများအပါအဝင်ပြည်သူများ အနေဖြင့် နေ့လည်၊ နေ့ခင်းအချိန်များ၌ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းနှင့် ခရီးသွားလာခြင်း စသည်တို့မှ ရှောင်ကြဥ်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် ပူပြင်းချိန်များတွင် လွင်တီးခေါင်ပြင်၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်း စသည်တို့မှ ရှောင်ကြဥ်ခြင်း၊ ဖြူသော၊ အရောင်ဖျော့သော ပွပွချောင်ချောင် အဝတ်အစားများအား ဝတ်ဆင်ခြင်း၊ ပူပြင်းချိန် အပြင်သွားပါက ထီးနှင့် ဦးထုပ်ဆောင်း၍အရိပ်ရသောနေရာမှ သွားလာခြင်း၊ အရက်သေစာသောက်သုံးခြင်းမှ ရှောင်ကြဥ်ခြင်း၊ ပင်ပန်းပြီး ချွေးထွက်လွန်ပါက အရိပ်ရ အေးမြသောနေရာတွင် နေထိုင်ပြီး ဓာတ်ဆားရေနှင့် ရေများများ သောက်သုံးပေးခြင်း စသည့်အချက်များအား မိဘပြည်သူများ သိရှိလိုက် နာဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)