ထီးချိုင့်မြို့နယ်တွင် တောင်သူဦးကြီးများအား သဘာဝပိုးပြေး ဆေးပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြဆောင်ရွက်

ထီးချိုင့် အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးနည်းပညာပြန့်ပွားရေးစင်တာ အတွင်း  ကွမ်းဘောင်ကျေးရွာအုပ်စု၊ ကျောက်ပေါက်ချောင်းကျေးရွာရှိ တောင်သူဦးဇော်လွင်၏အိမ်တွင် သီးနှံ တစ်ခုချင်းစီအလိုက် ကုန်ကျမှုစရိတ်လျော့ချနိုင်ရန်အတွက် သဘာဝပိုးပြေး ဆေးပြုလုပ်ပုံ အဆင့်ဆင့် ကို ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းကြီးKC တာဝန်ခံ ဦးအာကာမိုး နှင့် ဝန်ထမ်းများမှ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝပိုးပြေးဆေးကို တောင်သူများအနေဖြင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်တတ်စေရန်၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးများကို သုံးစွဲခြင်းဖြင့် ကုန် ကျစရိတ် သက်သာလာစေရန်၊ ဓာတုဗေဒပိုးသတ်ဆေးများ သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ  ပြဿနာ များ လျော့နည်းလာစေရန်၊ မိမိတို့ဒေသထွက်ကုန်များအနေဖြင့် သဘာဝပိုးပြေးဆေးများကို သုံးစွဲခြင်း ကြောင့် ဈေးကွက်ဝင်သီးနှံများအဖြစ် အကျိုးအမြတ်များ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ လက်တွေ့ သရုပ်ပြဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို ကွင်းကြီး KC တာဝန်ခံဦးအာကာမိုးမှ ပြောကြားခဲ့ပါသည်။

အဆိုပါ ပိုးပြေးဆေးပြုလုပ်ရာတွင် EMအပြင်း(၁)လီတာ၊ တင်လဲရည်(၁)လီတာ၊ ကြက်သွန်ဖြူ (၁)ပိသာ၊ ငရုပ်သီးစိမ်း(၁)ပိသာ၊ ဂျင်း(၁)ပိသာ၊ ဆေးရွက်ကြီး(၁)ပိသာ၊ တမာရွက်(၁)ပိသာ၊ ဒုတ္ထာ(၂၅) ကျပ်သား၊  လည်ပင်းအရစ်ချန်ပြီး ရေ(၅၀)ဝင်စဉ်အိုးနှင့် ရော၍ ဆောင်ရွက်သော သဘာဝပိုးပြေးဆေး ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)