ဝေါလေမြိုင်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ဝေါလေမြိုင် ဧပြီ ၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊    ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်အချက်များနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသောလမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊ အချက်ပြများ စသည့်အချက်များကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ဖြူစင်မိုးက မော်တော်ဆိုင်ကယ်မောင်နှင်သူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်များကို စနစ်တကျဆောင်းရန်နှင့် မော်တော်ယာဉ်မောင်းနှင်နေစဉ် ဖုန်းပြောခြင်း၊ မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ရန်၊ မော်တော်ဆိုင်ကယ် စီးနှင်းပါက နှစ်ဦးထက်ပို၍စီးနှင်းခြင်းမပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သတ်၍ လိုက်နာရမည့်အချက်များကို  အသိပညာ ပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှင်းဝေဦး