ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၂၇

မြစ်ချောင်းရေလမ်းကြောင်းများ တည်ငြိမ်စေပြီး မြို့ရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံစေတီတော်ပရဝုဏ် (ဂျိုင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အပိုင်း(၁)နှင့်(၂) ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျိုက်ပံကရုံ စေတီတော်ပရဝုဏ် (ဂျိုင်းမြစ်)ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)ကရင်ပြည်နယ်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေ ၃၉၇ သန်းဖြင့်  Bored Pile အခြေပြု Gabion Box ကျောက်စီတမံ အပိုင်း(၁) အလျား ၁၆၀ ပေကို ဒေါနဂုဏ်ကုမ္ပဏီမှ ငွေကျပ် ၁၉၈ ဒဿမ ၅ သန်း၊ အပိုင်း(၂) အလျား ၁၆၀ ပေကို Thaung Yinn Dragon ကုမ္ပဏီမှ ငွေကျပ် ၁၉၈ ဒဿမ ၅ သန်းဖြင့် တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီး၍ ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)ကရင်ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဦးလှမိုးက Bored Pile အခြေပြု ကျောက်စီမြေထိန်းတမံ ဆောင်ရွက်သည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလ၌ မြစ်ရေ/ချောင်း ရေတိုက်စားခံရမှုကြောင့် ကမ်းဘေးရှိမြို့ရွာများတွင် ကမ်းပါးပြိုကျမှုများကြုံတွေ့ရပြီး လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦဘုရားစေတီပုထိုးများ၊ စာသင်ကျောင်းများနှင့် လယ်ယာမြေပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိသည့်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်သော တံတားအမှတ်(၂/၃၀) အရှည် ၈၀ ပေ၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစား ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ညို၊ တံတားအထူးအဖွဲ့(၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) လမ်းပေါ်ရှိ တံတားအမှတ် (၅/၃၀) အရှည် ၁၂၀ ပေ၊ အကျယ် ၃၁ ပေ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်းအံ(နဘူး) လမ်းပေါ်ရှိ  ဒေါ်လန်းတံတား အရှည်ပေ(၁၀၀၀)၏ ကြံခိုင်မှုအပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်များအလျင်မပြတ်သွားလာ နိုင်ရေးပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားကာ ကျော့ရွာ-ဝင်းစိန်-ဒေါ်လန်း-ဝဲကင်းအံ(နဘူး) လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးပြီး  လမ်းတာဘောင်ကျဉ်းသောနေရာများအား ၄၀ ပေ အကျယ် formation width ရရှိအောင် လမ်းတာဘောင်ချဲ့ လုပ်ငန်းလျာထား ဆောင်ရွက်ရန်၊ လျှပ်စစ်ဓါတ်တိုင်များအား လမ်းနယ်ပြင်ပသို့ပြောင်း ရွှေ့စိုက်ထူနိုင်ရေးလျှပ်စစ်ဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)