မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ၏ သုံးသပ်ဆွေးနွေး(MSR)နှင့်ဆုချီးမြှင့်ပွဲကျင်းပ

လပွတ္တာ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ သုံးသပ်ဆွေးနွေး (MSR) နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ အကြောင်းအရာများကို သုံးသပ်ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည်ရှုခဲ့သည်။ သုံးသပ်ဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာပြည်သူများ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာပြန်/ဆက်