ကျိုက်လတ် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တိလောကမာရဇိန် မြတ်စွာဘုရားကြီး၏ သာသနာ့ ဗိမာန်တော်ကြီးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှကျင်းပသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မြို့နယ်အဆင့် သက်ဆိုင်သူ အားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အမှာစကား ပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာသူ၊ ကျေးရွာသားများမှ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းစဉ်များ ကိုယ်တိုင်စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သုံးသပ်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်၍ တက်ရောက်လာသူများအနေဖြင့် မိမိကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းများမှ အခက်အခဲများ၊ လိုအပ်ချက်များကို သုံးသပ်ဆွေးနွေးသွားကြရန် ထည့်သွင်းပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာ (၇၂)ယူနစ် ကျေးရွာပေါင်း(၈၄)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) (၁၅)ရွာမှ တက်ရောက် လာကြသော ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကျေးရွာအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)