မင်းဘူး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကြေညာထားရှိမှုများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများက အဖွဲ့(၅)ဖွဲ့ခွဲကာ ယမန်နေ့ နံနက်ပိုင်းကစပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌ (ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမောင်ကျော်သန်းနှင့် ကော်မရှင်အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြပြီး ပြင်ဆင်ဖြည့်စွက်လိုသူများရှိပါက အဆင်ပြေစွာ ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြား ခဲ့သည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တောင်ဆိုရန်လိုအပ်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ စသည့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ထုတ်ယူနိုင်သည်။ မဲစာရင်းများကြည့်ရှုစစ်ဆေးနိုင်းရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားကြောင်း ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမောင်ကျော်သန်း ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၄) အုပ်စုတွင် ကျေးရွာပေါင်း (၁၅၀) ရှိပြီး၊ မဲဆန္ဒရှင်ဦးရေ (၁၄၂၂၂၆) ဦးအတွက် မဲရုံးပေါင်းစုစုပေါင်း (၁၇၀) ကျော်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)