ပုသိမ်မြို့ တဂေါင်းမင်္ဂလာ မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ

ပုသိမ် ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူ ဖြစ်တော်မူသော တဂေါင်းမင်္ဂလာ မဟာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် ငှက်မြတ်နားတော်၊ ရွှေထီးတော် အသစ်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက် နာယူကြည်ညိုကြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်မိသားစုနှင့် တာဝန်ရှိသူများက  စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက်  ရတနာစိန်ဖူးတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်မိသားစုများမှလည်းကောင်း၊ ငှက်မြတ်နားတော်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီး၊ အလှူရှင်မိသားစုများမှလည်းကောင်း၊ ရွှေထီးတော်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ အလှူရှင်မိသားစုများမှ အသီးသီး ပင့်ဆောင်၍ ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံလျက်‌ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၁)ပတ် လှည့်လည်ပူဇော်ပြီးနောက် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် ဆက်လက်တင်လှူ ပူဇော်ခဲ့သည်။

ဆက်လက်၍ မင်္ဂလာအချိန်ကို ရတနာသုံးပါးကိုအာရုံပြု၍ စောင့်စားပြီးနောက် မင်္ဂလာ အချိန်တွင် အခမ်းအနားမှူးက “မင်္ဂလာအချိန်” ဟုကြွေးကြော်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များနှင့် အရံစေတီတော်များကို တင်လှူပူဇော်ခဲ့ကြပြီးနောက် စေတီတော်မြတ်ကြီးအား စိန်ဖူးတော် တင်လှူပူဇော်ပြီးသောအခါ “ဇိတံမေ အောင်ပြီ အောင်ပြီ အောင်ပြီ” သုံးကြိမ်ရွတ်ဆို ကြွေးကြော်ခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာမူလေ”အစရှိသော ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ပြီး  ဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်မိသားစုတို့က ဆရာတော် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပုသိမ်မြို့၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးအား တတိယသင်္ဂါယနာတင် သီရိဓမ္မာ သောကမင်းကြီးသည် သာသနာတော်နှစ် (၂၃၉)နှစ်တွင်လည်းကောင်း၊  ကောဇာသက္ကရာဇ် (၄၅၇)တွင် အလောင်းစည်သူမင်းကြီးကလည်းကောင်း၊ ကောဇာသက္ကရာဇ် (၆၂၅)တွင် ပုသိမ်မြို့ကို စိုးစံသော သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီမိဘုရားကြီးတို့က ဉာဏ်တော်အမြင့် အတောင် (၉ဝ)သို့ တိုးမြှင့်၍ တတိယအကြိမ် တည်ထားကိုးကွယ်တော်မူခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)