သာပေါင်း ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက် မုခ်ဦးနှင့် စတီးတံခါး ရေစက်ချအလှူတော်မင်္ဂလာ အောင်ပွဲသဘင် ည အထူးတရားပွဲကို ယမန်နေ့ည ၈ နာရီအချိန်က ဆင်ယင်ကျင်းပခဲ့သည်။
မိဘများရည်စူးဦးထိပ်ထားလျက် ဘုရား၊ သိမ်၊ ကျောင်း၊ အလှူရှင် ရဟန်းဒါယိကာမ ဒေါ်သန်းသန်းနွဲ့၊ ဒေါ်အေးအေးသန်း ညီအစ်မနှစ်ဦးတို့မှ မုခ်ဦးနှင့် စတီးတံခါး ရေစက်ချ အလှူတော်မင်္ဂလာအောင်ပွဲသဘင် ည အထူးတရားပွဲတွင် ညောင်ကုန်းမြို့၊ ရွှေဟင်္သာ တောရကျောင်းတိုက်၊ သာသနဓဇ ဓမ္မာစရိယ နယ်လှည့် ဓမ္မကထိကဆရာတော် ဦးသုမနာဘိဝံသ အရှင်သူမြတ်မှ "ပြင်ဆင်တိုင်းလှ လူ့ဘဝ" တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများဖြင့် ဗုဒ္ဓသာသာဝင် တရားချစ်ခင် စိတ်ကောင်းဝင်လျက်ရှိကြကုန်သော တရားတော်နာ သူတော်ကောင်းအပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကျွေး ဟောဖော်ညွှန်ပြ ဆိုဆုံးမ၍ အလှူရှင်များက နဝကမ္မအလှူဆက်ကပ်လှူဒါန်းပြုပြီး ကုသိုလ်အဖို့ပါကတို့ကို ရေစက်သွန်ချ အမျှပေးဝေ သာဓု(၃)ကြိမ်ခေါ်ဆိုကြပြီး တရားတော်နာ ကြွရောက်လာကြသော ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား ကိုးကွယ်ပူဇော် ဆည်းကပ်နိုင်ရေးအတွက် ဘုရားဆင်းတုတော် (၅)ဆူတို့ကို ကံစမ်းမဲနှိုက်၍ ကုသိုလ်ပြု လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)