ဘားအံ ဧပြီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “စားသုံးသူအခွင့်အရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်တို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေး ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးရာတွင် CICC သည် တိုင်ကြားမှုများအား လက်ခံပြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ခြင်းအကြောင်း၊ စားသုံးသူများအနေဖြင့် တိုင်ကြားနိုင်သည့် အခြေအနေများ၊ ဦးစီးဌာန အနေဖြင့် တိုင်ကြားမှုများအနက် ဆောင်ရွက်ဖြေရှင်းပေးသည့် အကြောင်းအရာများ၊ ဖြေရှင်းမဆောင်ရွက်ပေးနိုင်သည့် အကြောင်းအရာများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ Hot Line ဖုန်းနံပါတ်အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှု နှင့် ပတ်သက်၍ နစ်နာမှုများရှိခဲ့ပါက Call Centre Hot Line ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း၊ ရုံးဖုန်း ၀၉၇၆၅၄၈၁၅၃၅ သို့လည်းကောင်း၊ WWW.Facebook .com/ DOCA.NPT DOCA Myanmar Mobile Application တွင်လည်း ဝင်ရောက်အသုံးပြု တိုင်ကြားနိုင်ကြောင်း ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို Online မှတစ်ဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)