ဖားဆောင်း ဧပြီ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာမဒေါက်တာမတင်ဝင်းရေးသားသည့် လှပချင်ရင်ရုပ်ကိုလည်းပြင် စိတ်ကိုလည်း ပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်သူများ အကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ အသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာမဒေါက်တာမတင်ဝင်း ရေးသားသည့် လှပချင်ရင်ရုပ်ကိုလည်းပြင် စိတ်ကိုလည်းပြင်ပါ စာအုပ်မှစိတ်က ရုပ်သွင်ကိုရော၊ အပြောအဆိုအပြုအမှုကိုပါ ကြီးစိုးပါတယ်ဆို့သည့် ခေါင်းစဥ်ပါအကြောင်းအရာများဖြစ်သည့် လူများအနေဖြင့် မိမိဘဝလှပဖို့ မိမိရုပ်သွင်လှပဖို့ မိမိလုပ်ရပ်များ မှန်ကန်ဖို့ စိတ်နေစိတ်ထားကိုကောင်းအောင်သတိထာပြီး ပြင်ဆင်သင့်ကြောင်းစသည့် အကြောင်းအရာဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးရဲဝင်းနိုင်က လှပဖို့ရာအမူအရာကလည်း ယဥ်ကျေးရပါမယ် ခေါင်းစဥ်ဖြင့် အခုခေတ်မှာလည်း နေနည်းထိုင်နည်း အဆင့်မြင့်အောင် လမ်းညွန်တဲ့စာအုပ်များရှိကြောင်း လေ့လာမှတ်သားသင့်ကြောင်းစသည့် အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးလှမျိုးဇော်က လှပခြင်းထဲမှာ ထက်မြက်ခြင်း၊ တက်ကြွခြင်း၊ ရွှင်ပြခြင်းတို့ကပါဝင်ကြောင်း ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားရှိသည့် စာအုပ်၊ စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ပေးခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်များ၊ အပြန်လှန်ဆွေးနွေးသည့်အလေ့များ၊ တစ်ဦးအပေါ်တစ်ဦးနားလည် ကိုယ်ချင်းစာစိတ်များ၊ ဖတ်မှတ်လေ့လာမှတ်သားသည့် အလေ့အကျင့်ကောင်းများ၏ အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်၊ စာပေချစ်မြတ်နိုးသူတစ်ဦးက ပြောကြားခဲ့သည်။
နန်းသဲနုအောင်(ဖားဆောင်း)