ပေါင်းတည် ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါးစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် တောင်သူများ စိုက်ပျိုးချိန်အမီ အထွက်ကောင်း၊ မျိုးသန့်၊ မျိုးပွားမျိုးစေ့(RS)များ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ဌာနခွဲမှ သိရသည်။
အဆိုပါမျိုးစေ့ထုတ်ဌာနခွဲရှိ မျိုးသန့်ခြံတွင် ရတနာတိုး၊ ဆင်းသုခနှင့် မှော်ဘီ-၃ မျိုးစပါးနှင့် အခြားသီးနှံမျိုးစေ့(RS)များကို စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ယမန်နှစ်က မျိုးစပါး ထုတ်လုပ်ရေးအတွက် မျိုးသန့်ခြံတွင် မျိုးစေ့ထုတ် (RS) စပါး ၆၀ ဧက စိုက်ပျိုးကာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မျိုးစပါးများကို ပိုးမွှားကင်းစင်အောင်အဆင့်ဆင့် သန့်စင် ထုတ်လုပ် ခဲ့ရပြီး ယခုအခါတောင်သူများသို့ ဖြန့်ဖြူးပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
တောင်သူများသို့ ဖြန့်ဖြူးပေးမည့် အထွက်ကောင်း မျိုးသန့်မျိုးစေ့ တစ်အိတ်သည် ၉၆ ပေါင် အလေးချိန်ရှိပြီး မျိုးသန့်စင်မှု ၉၈ ရာခိုင်နှုန်း၊ အပင်ပေါက်နှုန်း ၈၅ ရာခိုင်နှုန်းနှင့် အစိုဓာတ် ၃ ရာခိုင်နှုန်း ပါရှိကာ ရက် ၁၂၀ စပါးမျိုးများဖြစ်ကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)