မြို့သစ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

မြို့သစ် ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ညနေ (၄) နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာ ကျေးရွာအုပ်စု၊ မြေပြင်သာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ သင်တန်းနည်းပြဆရာမက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း၌ သင်ကြားမည့် အစီအစဥ်အကျဥ်းချုပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ (၃၀) ဦး၊ နည်းပြ (၁) ဦး၊ အကူဆရာမ (၁) ဦးတို့ဖြင့် (၁) လကြာ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း