မင်းလှ ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ခု၊ လုပ်ငန်းရာသီနှစ်အတွက်(ပထမအကြိမ်)ဂရန်အင်းလေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
အင်းလေလံပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်းက အမှာစကားပြောကြားပြီး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်းက ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ပြောကြားခြင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှုး ဦးဖြိုးဝေလင်းက ဂရန်အင်းများ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက်ဂရန်အင်း လေလံတင်ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ် ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်း၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေးကော်မတီဝင်များက မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဂရန်အင်း(၁၇)အင်းကို (ပထမအကြိမ်) လေလံတင် ရောင်းချရာအနက်မှ ဈေးပြိုင်စနစ်ဖြင့် (၁၁)အင်းကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် (၄၀၁၆၀၀၀၀) လေးရာ့တစ်သိန်းခြောက်သောင်းကျပ်တိတိအား နိုင်ငံတော် အခွန်ငွေရရှိခဲ့ကြောင်း သိရသည်။
ကျန်ရှိသောဂရန်အင်းများကို မေလ ၁၂ ရက်နေ့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (ဒုတိယအကြိမ်) အင်းလေလံတင်ရောင်းချခြင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)