သာယာဝတီ ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုကျေးရွာတွင် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရသည်။
သာယာဝတီမြို့နယ်တွင် သီတင်းကျွတ်လမှကဆုန်လအထိ ငရုပ်သီးနှံများကို စိုက်ပျိုးမြေ အနေအထားအပေါ်မူတည်၍ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်၍ တစ်ဧက တင်း (၃၀၀) မှ (၅၀၀) တင်းအထိ ခူးဆွတ်ရရှိကြောင်း ရောင်းချရာတွင် ဈေးကောင်းရသည့်အပေါ် မူတည်၍ ငရုပ်အသီးအမှည့် အစို ရောင်းချခြင်းနှင့် အသီးအခြောက်ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း ကျောင်းစုကျေးရွာမှ ငရုပ်စိုက် တောင်သူဦးဖိုးဆိတ်က ပြောပြသည်။
သာယာဝတီမြို့နယ်၌ ငရုပ်သီးနှံများကို စီမံကိန်းစိုက်ဧကအဖြစ် ကျေးရွာအုပ်စု (၆၉) အုပ်စုများတွင် (၇၀၀) ဧကကျော် စိုက်ပျိုးထားရှိကြောင်း၊ ငရုပ်အခြောက် တစ်ပိဿာလျှင့် ၁၂၀၀၀ ကျပ်၊ အစိုတစ်ပိဿာလျှင် ၉၀၀၀ ကျပ် ရောင်းချရပြီး တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန့်ဇော်