မယ်စဲ့မြို့နယ်တွင် လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မယ်စဲ့ ဧပြီ  ၂၆

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် လူငယ်ရဲ့ဘဝနှင့်တန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်မှ လူငယ်များ အနာဂတ်တောက်ပစေရန်၊ မိမိရပ်ရွာကို ပိုမိုခေတ်မီ သာယာလှပ တိုးတက်ငြိမ်းချမ်းလာအောင် စွမ်းဆောင်နိုင်သည့် လူစွမ်းကောင်းများ၊ တန်ဖိုးမြင့် ပုဂ္ဂိုလ်များ ဖြစ်လာစေရန် စာရေးဆရာမှ တွန်းအားပေး ရေးသားထားမှုအား ဦးဆောင် ဆွေးနွေးခဲ့သည်။

ထို့နောက် (Book Club) အဖွဲ့ဝင်မမေသူဟိန်းနှင့် (Women Club) အဖွဲ့ဝင် ဒေါ်အေးသက်နန္ဒာတို့က လူငယ်များမပျက်စီးစေရန်၊ အောင်မြင်မှုပန်းတိုင်ကို တည့်မတ်စွာ လျှောက်လှမ်းနိုင်စေရန်အတွက် စာဖတ်အသင်းများ စာကြည့်တိုက်များ ပြုလုပ်ပေးသင့်ပုံတို့ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)