ပွင့်ဖြူမြို့နယ်၌ စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်စေရေး ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များ၌ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် အချိန်အတွယ် မှန်ကန်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မင်းဘူးခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းအဖွဲ့ က ပွင့်ဖြူမြို့နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချ လျက်ရှိသော ရွက်စိမ်းစက်သုံးဆီ အရောင်းဆိုင်၊ ရာစုသိန်းစက်သုံးဆီအရောင်းဆိုင်နှင့် မင်းထက်ကြွယ် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ စက်သုံးဆီဝယ်ယူမှု အဆင်ပြေစေရေး  စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ(PPRD)မှ အခြေခံသတ်မှတ် ရည်ညွှန်းဈေးထက် ပိုမိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ နေ့စဉ်ဖြန့်ဖြူး ရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းများအား အများပြည်သူ သိရှိစေရန် LED Board သို့မဟုတ် White Board တို့ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိပေးရန်နှင့် ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေး အလေးထား ဆောင်ရွက်ရေးတို့ကို အသိပညာပေး ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအလိုက် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် အချိန်အတွယ် မှန်ကန်မှုရှိ/မရှိနှင့် ရည်ညွှန်း ဈေးနှုန်းများအတိုင်း အမှန်တကယ် ရောင်းချခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်း ပြည်သူများ စက်သုံးဆီ အဆင်ပြေစွာ ဝယ်ယူနိုင်ရန် စက်သုံးဆီ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)