မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဧပြီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီအချိန် က နောင်လုံးကျေးရွာအုပ်စု၊ ကျိုင်း‌ခေါင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်​ကြောင်းကြီး(၅)​ကြောင်းတို့က  ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း(အထစ)နှင့် ပတ်သက်၍    ဆောင်ရွက်ပေးမှု အခြေအနေများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊‌ စပါး၊‌ ပြောင်းများ ပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ ဝက် မွေးမြူရာတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရေး၊ သတင်းအမှားအမှန် ခွဲခြားနိုင်ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် မရှို့မထွင်စိုက်ပျိုးရေး နည်းစနစ်များအကြောင်း၊ ကျေးလက်မီးလင်းရေးနှင့် ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာ‌ပေး ဟောပြောခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော ကျေးရွာနေတိုင်းရင်းသားပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်း ဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)