နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်  ၉ နာရီအချိန်က “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရှိခဲ့သည့်နေရာဖြစ်သော မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းကာ ကုသိုလ်ယူရင်း ကဆုန်လပြည့်နေ့သည် ဘုရားလောင်း ဖွားမြင်တော်မူသောနေ့၊ ဘုရားရှင် ပွင့်တော်မူသည့်နေ့၊ ဘုရားပရိနိဗ္ဗာန်စံသောနေ့အဖြစ် အောက်မေ့သတိရကာ ဓမ္မသံဝေဂရယူကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား/သူ (၂၃)ဦးမှ “ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။  

မူမူစန်း