သရက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧပြီ (၂၂) ရက်နှင့် (၂၃) ရက်ညနေပိုင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများမှ ပျက်စီးခဲ့သည့် လူနေအိမ် (၁၀၂) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းတို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက လေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများအတွက် (၇) ရက်စာ ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ပြောကြားပေးခဲ့သည်။
ထို့နောက် လေဘေးသင့် အိမ်ထောင်စု (၁၀၂) စု၏ မိသားစုဝင် (၃၆၉) ဦး၊ အတွက် ဆန်ဖိုး (၇) ရက်စာ ငွေကျပ် (၇၇၄၉၀၀) ၊ ဘုန်းတော်ကြီး (၅) ကျောင်းနှင့် လူနေအိမ် (၁၀၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂၇၄၅၀၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)