ကျွန်းစု ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက သုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်း အကြောင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာကော်မတီဝင်များက ကျေးရွာ အတွင်း အမှန်တကယ် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကျေးရွာဖွံဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၏ အားသာချက်၊ အားနည်းချက်များကို groupအလိုက် ပါဝင်ဆွေးနွေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) (၁၅) ရွာအတွက် ငွေကျပ်သန်း (၁၈၀.၆၈) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ရွာပေါင်း (၁၇) ရွာအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ငွေကျပ်သန်း (၈၀၂.၁၁၇၅၄၈) ဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စိုးစိုးသွယ်