ဘားအံ ဧပြီ ၂၆
မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကျဉ်းမြောင်းပြီး တောရောမြို့ပါမကျန် အကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၃၆၆ ဒဿမ ၅၇၀ သန်းဖြင့် ဘောနော်ထူးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ကော့ကရိတ်မြို့နယ်၊ ကျိုက်ပေါင်-လိုင်းဒါ-ကော့လေးဖိုး-ကော့ကစွယ်-ရွာဟောင်း-ကော့ဖာထော်-ကော့ဆံမိန်-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကြက်တူရွေးချောင်းကူး ပေ(၂၀၀)သံကူကွန်ကရစ် တံတား ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်နှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးထည့်သွင်း စဉ်းစား၍ စေတနာရှေ့ထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ကြရန်၊ ထပ်မံလိုအပ်သည့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၂၇၅ ဒဿမ ၈၉၇ သန်းဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော လှိုင်းဘွဲမြို့နယ် အထက်ပိုင်ကျုံ-တနင်းတရော-မဲပရကြီး-မဲပရလေး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မဲသပုံချောင်းကူး သံကူကွန်ကရစ်တံတား အရှည် ၁၅၀ ပေ ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တံတားရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန် ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက်ပိုင်ကျုံကျောင်းကြီးဆရာတော် ဘဒ္ဒန္တသီရိန္ဒနှင့် နောင်ဘိုကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဇောတိကတို့အား အထက်ပိုင်ကျုံကျောင်းကြီး၌ သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)