ပွင့်ဖြူ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့ပြသန့်ရှင်းသာယာရေး လုပ်ငန်းများကို နေ့စဉ်အရှိအဟုန်မပျက် ဆောင်ရွက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက မြို့တွင်းရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်ဖြင့် ပွင့်ဖြူမြို့ ပိတောက်လမ်းနှင့် ခိုင်ရွှေဝါလမ်း တစ်လျှောက် လမ်းဘေး(ဝဲ၊ယာ)ရှိ ရေနုတ်မြောင်းများအတွင်းရှိ သစ်ရွက်ခြောက်အမှိုက်များ၊ ရွှံ့နုန်း၊ သဲနုန်းများကို ရေစီးရေလာ ကောင်းမွန်စေရန် စနစ်တကျ ဆယ်ယူရှင်းလင်းခြင်း၊ ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ တံမက်စည်းလှဲခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကာ စွန့်ပစ်အမှိုက်သရိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းသိမ်းဆည်းခဲ့ကြသည်။ ထို့နောက်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များသို့ သွားရောက်ပြီး မီးဖိုချောင်စွန့်ပစ်အမှိုက်သရိုက်များ လိုက်လံသိမ်းဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူလူထု စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်နှင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ နေ့စဉ်မြို့ပြသန့်ရှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နိုင်ရေး ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးကြပ်မတ်စစ်ဆေးခြင်း၊ ကျူးကျော် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းမရှိစေရေး အသိပညာပေးခြင်း၊ ဒေသခံပြည်သူလူထု မီးဖိုချောင်စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် အမှိုက်သိမ်းယာဉ်ဖြင့် နေ့စဉ်အမှိုက်များ လိုက်လံသိမ်းဆည်း ပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)