ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ‌ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်တွင် ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ထားဝယ် ဧပြီ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ‌ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်တွင်  ၇/၀ မိုင် အမာခံလမ်းခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၃၃၃ ဒဿမ ၆၃၀  သန်း ဖြင့် General Myeik ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၆/၂ မိုင်ပေါ်တွင် ၇/၀ မိုင် အမာခံလမ်းခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ် ၁၀ ပေ သံကူကွန်ကရစ်တံတား ၆ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့သည် မြေပြင်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်သည်။

အဆိုပါလမ်းပေါ်ရှိ  ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၅၄၄ အိမ်၊ လူဦးရေ ၂၀၉၂  ဦးတို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)