စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ စေတနာသွေးသန့် သွေးလှူရှင်စုဆောင်းရေး အသိပညာပေး ဆောင်ရွက်

စလင်း ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီ အသင်းခွဲငယ်ရုံးအတွင်း၌ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ခွဲမှူး ဦးသူ့ထက်အောင်မှ ကြီးကြပ်၍ တပ်ဖွဲ့ဝင်များနှင့် စေတနာသွေးသန့် သွေးလှူရှင်များစွာ ပေါ်ပေါက်စေရေး၊ သွေးလှူရှင်စုဆောင်းရေး အသိပညာပေး ဆွေးနွေးခြင်းကို ဧပြီလ (၂၃) ရက် မွန်းလွဲ ၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စေတနာသွေးသန့် သွေးလှူရှင်များစွာ ပေါ်ပေါက်ရေးနှင့် စုဆောင်းရေး အသိပညာပေး ဆွေးနွေးခြင်းကို ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ခွဲမှူး ဦးသူ့ထက်အောင်နှင့် ဆင်ဖြူကျွန်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရွာသာကုန်းကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်မှ စေတနာ လုပ်အားရှင်များနှင့် ချောင်းကောက်ကျေးရွာမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာလူငယ် အမျိုးသား၊ အမျိုးသမီးငယ် စုစုပေါင်း (၂၆) ဦးတို့ သွေးသန့်သွေးလှူရှင် စုဆောင်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးသူ့ထက်အောင်က စေတနာ သွေးသန့် သွေးလှူရှင်စုဆောင်းရေး အသိပညာပေး ဆွေးနွေးရခြင်းနှင့်ပတ်သက်၍ အဖွင့် အမှာစကားများ ပြောကြားခဲ့သည်။ စေတနာသွေးသန့် သွေးလှူရှင် ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ လှူဒါန်းရခြင်းအကြောင်းနှင့် သိသင့်သိထိုက်သည်များ၊ သွေးကိုစတင်၍ လှူဒါန်းနိုင်သည့်အရွယ်၊ မည်သည့်အရွယ်မှစ၍ လှူဒါန်း၍ရကြောင်းများ၊ အမျိုးသား အမျိုးသမီးတို့၏ ကိုယ်အလေးချိန်မည်မျှရှိမှ သွေးစတင်လှူဒါန်းရနိုင်ကြောင်းများနှင့် သွေးလှူဒါန်းနိုင်သည့် အချက်များကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ ရွာသာကုန်း ကျေးရွာ စေတနာရှင်သွေးလှူရှင်များနှင့် ချောင်းကောက်ကျေးရွာမှ ကြက်ခြေနီတပ်ဖွဲ့ဝင် များမှ မိမိတို့စတင် သွေးလှူဒါန်းခဲ့ရပုံများအကြောင်းနှင့် မိမိတို့ကျေးရွာ မိမိတို့မြို့နယ် အတွက် သွေးလှူရှင်စုဆောင်းဖွဲ့စည်းခဲ့ရာ၌ ရာသီအချိန်အခါမရွေး၊ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး သွေးလှူဒါန်းခဲ့ရပုံများနှင့် ဆောင်ရွက်ခဲ့သည်မှာ  အချိန်ကာလ ကြာပြီဖြစ်ပြီး စလင်းမြို့နယ် ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ သဘာဝဘေးများ ဖြစ်ပေါ်လာသည့်အခါတိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပုံများနှင့် မိမိတို့ ဆင်ဖြူကျွန်းမြို့ သွေးလှူရှင်များ၏ တွေ့ကြုံရသည့်အခက်အခဲများ သွေးလှူဒါန်းရခြင်း၏ ကုသိုလ် စေတနာများ၊ သွေးတစ်ပုလင်းမှ သွေးတစ်အိပ်၏နောက်ကွယ်မှ မိသားစုများ၏ ဘဝ ရပ်တည်မှုများ၊ မိမိတို့၏သွေးဖြင့် အသက်တစ်ချောင်းမှသည် မိသားစုတစ်စုလုံး ကယ်တင် ခဲ့ရပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ မိမိတို့ ဆင်ဖြူကျွန်း ကြက်ခြေနီအသင်းခွဲအနေဖြင့် နေ့ညအချိန်အခါမရွေး သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှု များစွာကို အကူအညီပေးလျက်ရှိနေပုံများကို ရှင်းလင်းပြောကြားခဲ့ကာ ရွာသာကုန်းကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်မှ စေတနာလုပ်အားရှင်များ၊ ချောင်းကောက်ကျေးရွာမှ သွေးလှူရှင်များက ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းတွင် သွေးအမျိုးအစား သိရှိနိုင်ရန် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆေးရုံမှလိုအပ်သည့် (O) သွေးနှစ်လုံးအတွက် ကိုရဲရင့်အောင်နှင့် မမွန်သီတာကျော်တို့မှ လှူဒါန်းခဲ့ကြောင်း ဆင်ဖြူကျွန်းကြက်ခြေနီ အသင်းခွဲငယ်ရုံးမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်