ပေါက်ခေါင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းနွေရာသီသောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ရပ်နီးရပ်ဝေးမှအလှူရှင်များ၏လှူဒါန်းမှုဖြင့် လိုအပ်သောသောက်သုံးရေများကို မြို့နယ်ပရဟိတအဖွဲ့အစည်းများက ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက်သွားရောက်၍ကူညီလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် ပေါက်ခေါင်းမြို့ ဂရုဏာရောင်ခြည်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် အခြားပရဟိတအဖွဲ့များပူးပေါင်းအဖွဲ့က အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဧပြီ ၂၄ ရက်နေ့က နွေရာသီသောက်သုံးရေအခက်အခဲရှိသော ပျားဆိုးကျေးရွာနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဂါလံ (၁၄၀၀)ကိုလည်းကောင်း၊ ယနေ့ဧပြီ ၂၅ ရက်နေ့နံနက်ပိုင်းကလည်း ပျားဆိုးကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ဒုတိယအကြိမ် သောက်သုံးရေဂါလံ(၁၄၀၀)ကိုရပ်နီးရပ်ဝေးမှကုသိုလ်ရှင်များ၏ လှူဒါန်းမှုများဖြင့် ပရဟိတအဖွဲ့ဝင်များက ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာရေဘေး၊ မီးဘေးကူညီကယ်ဆယ်ရေး ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ ဆက်)