မင်းဘူး အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု ကျောင်းကုန်း ကျေးရွာရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခြေခံ စားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးအပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့အစည်းများက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ရသော အိမ်ထောင်စု ၅၀ အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တစ်အိမ်ထောင်လျှင် ဆန် ၁၂ ပြည်ဝင် တစ်အိတ်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး တို့ကို လက်ဝယ်အရောက် လှူဒါန်းပေးအပ်ခဲ့ကြသည်။
ကျောင်းကုန်းကျေးရွာတွင် အိမ်ထောင်စုပေါင်း ၉၅ စုရှိပြီး ကမ်းပြိုဘေးကြောင့် အိမ်ထောင်စု ၅၀ ပြောင်းရွှေ့ခဲ့ရကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း၊ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်အိမ်ထောင်လျှင် ဆန်ရိက္ခာ (၇)ရက်စာနှင့် အိမ်ပြောင်းရွှေ့စရိတ် ငွေကျပ် တစ်သိန်းနှုန်း ထောက်ပံ့ပေးထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသစ်လွင်ထံမှ သိရသည်။
မောင်မောင် (မင်းဘူး)