တနင်္သာရီ ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့်သုံးသပ် ဆွေးနွေးပွဲကို ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအမျိုးအစားအလိုက် အားနည်းချက်/ အားသာချက်/ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များရယူ၍ လက်တွေ့ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ္တမြို့ နယ်ဦးစီးမှူးဒေါ်သူဇာမိုးထံက သိရှိရသည်။
၎င်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးမင်းအောင်၊မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ကျေးရွာစီမံကိန်း(၃)ခုတိုရှိ ကျေးရွာ(၃၂)ရွာတို့မှ တစ်ရွာလျှင် ကိုယ်စားလှယ်(၃)ဦးစီ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ကျေးရွာစီမံကိန်းလုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်သူဇာမိုးက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရွာ(၁၇)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကျေးရွာ(၁၂)ရွာနှင့် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းအသေးစားဓာတ်အားပေးစနစ် (Solar Mini-grip) မီးလင်းရေး လုပ်ငန်းကျေးရွာ(၃)ရွာတို့တွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးသည်။
ဆက်လက်၍ စီမံကိန်းလုပ်ငန်းကျေးရွာများမှ ကျေးရွာကော်မတီဝင်များက အုပ်စုဖွဲ့၍ ဆွေးနွေးကြပြီး မိတ်ဘက်ဌာနဆိုင်ရာ အကြီးအကဲများက အပြန်အလှန် ဆွေးနွေး သုံးသပ်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက နိဂုံးချုပ် သုံးသပ်စကား ပြောကြားကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြ၍ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)