မင်းဘူး(စကု)မြို့နယ် တောင်မန်းစံပြကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မင်းဘူး ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်မန်းစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဖွင့်လှစ်သင်းကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။

လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်း (၁၃)မျိုးကို ခရိုင်အတွင်းရှိ မြို့ပေါ်ရပ်များနှင့် ကျေးရွာများအရောက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းဖွင့်လှစ်ရာတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ EFI စနစ်သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ်သင်တန်း၊ တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အိမ်တွင်းလျှပ်စစ် ဝါယာရိန်းသင်တန်း၊ တွင်ခုံ ဖော်ကခုံ သင်တန်း၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း၊ ဒေသတွင်းထွက်ရှိသော သီးနှံအခြေခံ စားသောက်ကုန်နှင့် ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုသင်တန်း၊ လက်ယက်ကန်း၊ စက်ယက်ကန်း စသည့် သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ပြီး သူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းများထူထောင်ပြီး လုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ကျွန်းပြားကျေးရွာ၌ ယခုလ ၂၀ ရက်နေ့မှစတင်ကာ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မင်းဘူးခရိုင် အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။

မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ကို တောင်မန်းစံပြကျေးရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ်ရာတွင် ဓါတုဗေဒ ကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ရှားစောင်း၊ ကော်ဖီနနွင်း၊ အောင်မဲညို၊ ရေချိုးဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးအပြင် သဘာဝ ခေါင်းလျှော်ရည်၊ Shampoo၊ Body Scrub ၊ Foot Scrub နှင့် ဆံသားအားဖြည့်ပေါင်းဆီ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)