ချောင်းဦး အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ထံသို့ မြို့မိမြို့များ ဌာနဆိုင်ရာမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့အထိ ငွေကျပ်သိန်း(၅၀) ကျော်သွားပြီ ဖြစ်ကြောင်းသိရသည်။
ငါးလုံးတင်ကျေးရွာ၊ မေခဇော်ကြက်မွေးမြူရေးလုပ်ငန်း ဦးဇော်မြင့်မှ (၁၀)သိန်းကျပ်၊ ချောင်းဦးမြို့နယ် ပညာရေးမှူး ဦးစိန်ချွန်နှင့် ပညာရေးမိသားစုများမှ (၈၀၆,၀၀၀)ကျပ်၊ နည်းပညာ အထက်တန်းကျောင်း မိသားစုများမှ (၅၅၀,၀၀၀)ကျပ်နှင့် အခြားဌာနဆိုင်ရာများ၊ ချောင်းဦးမြို့နယ်မှ သစ်စက်၊ဆီဆိုင်နှင့် အခြားလုပ်ငန်းများမှ လာရောက်လှူဒါန်းလျက်ရှိရာ ငွေကျပ်သိန်း (၅၀)ကျော်ရရှိနေပြီ ဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့် ထံမှသိရှိရသည်။
ချောင်းဦးမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးဂိတ်(၃)ဂိတ် ဖွင့်လှစ်ကြပ်မတ်စစ်ဆေးနေပြီး ကာကွယ်ရေး လုပ်ငန်းများ ဖြစ်သည့် နှာခေါင်းစည်းများ၊ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အသိပညာပေးနှင့် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအား မြို့အတွင်း လှည့်လည်ကြေညာ ပညာပေးခြင်း၊ အခြားဒေသများမှ ပြန်လာသူများအား သတ်မှတ်ချက် များအတိုင်း အသွားအလာကန့်သတ် စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိသည်။ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတည်ပြုလူနာ(၃)ဦးအား ဆရာဝန်ကြီးကိုယ်တိုင် ကုသပေး လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ဝင်းမြင့်အောင်