လွိုင်ကော် ဧပြီ ၂၅
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ဆရာအတတ်ပညာဦးစီးဌာန ၊ ပညာရေးဒီဂရီကောလိပ်မှကျင်းပသည့် ပညာရေးဘွဲ့(B.Ed)စာပေးစာယူ ပထမနှစ်(၃/၂၃)နှင့် ဒုတိယနှစ်(၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ မျိုးဆက်သစ်နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ၊ ဆရာများသည် ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကဏ္ဍကို ခိုင်ခံ့မြင့်မားအောင်တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသာမက ကျန်းမာရေး ၊ လူမှုရေး ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် လူထုအကျိုးပြုသူများအဖြစ် စွမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်ချယ်ရီထွန်းက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့်သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အရည်အချင်းပြည့်မှီသူ ဆရာ ၊ ဆရာမ စုစုပေါင်း(၂၇၁)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)