တနင်္သာရီတိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ အစည်းအဝေး ကျင်းပ

ထားဝယ် ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(အောက်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ချိုက ဗီဒီယို(ကာရာအိုကေ)လုပ်ငန်း လိုင်စင်များကို စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပြီး စည်းကမ်းချက်များတွင် ထပ်မံပြင်ဆင်ဖြည်စွက်ရန် ရှိပါက တင်ပြဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ယခင်နှစ်များက ဗီဒီယို(ကာရာအိုကေ)ဆိုင်များအား ကော်မတီဝင်များ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် တိုင်းကြီးကြပ်ရေးကော်မတီအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ဗီဒီယို(ကာရာအိုကေ)ဆိုင်များတွင် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးထားခြင်းရှိ/မရှိအား စစ်ဆေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ဗီဒီယို(ကာရာအိုကေ)လုပ်ငန်း လိုင်စင်သက်တမ်းတိုး(၂)ခုနှင့် အသစ်(၂)ခုအား ခွင့်ပြုချထားပေးနိုင်ရေး ဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)