ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရှမ်းရွာသစ် ဧပြီ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း ရေးသားသော "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဉက္ကဋ္ဌ ဦးရဲလင်းနောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အဖွဲ့ဝင်များက မြားကိုလေးပေါ်တင်၍ ပစ်လိုက်လျှင် နောက်ကို ပြန်မလှည့်ကြည့်ဘဲ တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ ပေးဘိသကဲ့သို့ မိမိနှလုံးသားအဓိဌာန်ကို စိတ်အင်အားသတ္တိတည်းဟူသော လေးပေါ်သို့ တင်ပြီး ပစ်လိုက်နိုင်ပါလျှင် ဘယ်မျှခက်ခဲသော အရာဖြစ်ပါစေ အောင်နိုင်မည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း မည်သည့် ရည်မှန်းချက်စက်ဝန်းကို ပစ်မည်နည်းဆိုသည်မှာလည်း အရေးကြီးကြောင်း စသည်ဖြင့် စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ် ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)