ပေါင်းတည်မြို့နယ်၌  စက်မှုလယ်ယာစခန်းနှင့်ပူးပေါင်း၍ တောင်သူများစက်မှုလယ်ယာများ စိုက်ပျိုးလျက်ရှိ

ပေါင်းတည် ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများသည် နွေစပါး စိုက်ပျိုးထုတ်လုပ်ရာတွင် ပိုမိုအကျိုးဖြစ်ထွန်းစေရန် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်းနှင့် ပူးပေါင်း၍  စက်မှုလယ်ယာများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ တောင်သူ ဦးမင်းကို အနေဖြင့် ၄င်း၏လယ်မြေ ၃ ဧက၌ နွေစပါးစိုက်ပျိုးထုတ်လုပ်ရန် စက်မှုလယ်ယာစခန်းနှင့် ပူးပေါင်း၍ စက်မှုလယ်ယာလုပ်ကိုင် စိုက်ပျိုးလျက်ရှိရာ အဆင်ပြေချောမွေ့လျက်ရှိကြောင်း၊ ယနေ့တွင် လက်တွန်းထွန်စက်ဖြင့်တွဲဘက်သုံး ၆ တန်းသွား မျိုးစေ့ချကိရိယာအသုံးပြုကာ စိုက်ပျိုးထားခဲ့သော ရက် ၉၀ စပါးများသည် ရက် ၃၀ သက်တမ်းရရှိနေပြီဖြစ်၍ စက်မှုလယ်ယာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လယ်ယာလုပ်ငန်းအဆင့်ဆင့်ကို စက်ကိရိယာများဖြင့် ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါနွေစပါး စက်မှုလယ်ယာစိုက်ကွင်းများသည် မြန်မာပြည် တစ်နံတစ်လျားတွင် ယမန်နှစ်ထက် များပြားလာကြောင်း၊ စက်ကိကရိယာဖြင့် စိုက်ပျိုးထုတ်လုပ်မှုသည် ကုန်ကျစရိတ် သက်သာပြီး အချိန်တိုအတွင်း ပြီးစီးအောင်မြင်သည့်အပြင် အကျိုးဖြစ်ထွန်းမှုလည်း ပိုမိုသာလွန်ကြောင်း၊ တောင်သူများလည်း နားလည်သဘောပေါက်လာပြီး အသုံးပြုလာကြောင်းကို တောင်သူဦးမင်းကိုနှင့် စက်မှုလယ်ယာစခန်းမှ စက်မောင်းဝန်ထမ်း များက ရှင်းပြသည်။

သူရကြီး(ပြန်/ဆက်)