သာယာဝတီ ဧပြီ ၂၅
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ မြို့မဈေးနှင့် သုံးဆယ်မြို့၊ မြို့မစျေးတို့တွင်သို့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ် စားသုံးသူရေးရာဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ဈေးအတွင်း ရောင်းချလျက်ရှိသည့် အသီးအရွက်များ၊ အသားငါးများကို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စာသောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မုန့်ဆိုင်များ၊ ဆေးဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)