ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ် ဧပြီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသားလူငယ်က လေးငယ်များ ရာသီဉတုအပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပူဒါဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဉတုများလည်း ပြောင်းလဲလာနေပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာတာကို လျော့ချစေချင်လျှင် လူအများစု၏ နေထိုင်မှုပုံစံများကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ ယခုလိုနွေရာသီကာလတွင် အပူရှိန်မြင့်မားမှုကြောင့် အပူဒါဏ်အန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်ရန်လိုအပ်ကြောင်း၊ အပြင်သွားခြင်း၊ အလုပ်လုပ်ခြင်း၊ ကိုယ်ကာယအားကစားပြုလုပ်ခြင်း စသည်တို့အား နံနက်ပိုင်းအချိန်များနှင့် ညနေအချိန်များတွင်သာ ပြုလုပ်ရန်လိုအပ်ကြောင်း စသည်ဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား လူငယ်အရွယ် ကလေးငယ်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဉတုပြောင်းလဲခြင်း၊ အပူဒဏ်အန္တရာယ်ကြိုတင်ကာ ကွယ်ရေးနှိုးဆော်ချက်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ အပူဒစ်ကြောင့် ပင်ပန်းနွမ်းလျခြင်းလက္ခဏာများ၊ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအား အရေးပေါ်ရှေးဦးပြုစုရမည့်နည်းလမ်းများနှင့် အပူဒဏ်အန္တရာယ်မှရှောင်ရန်၊ ဆောင်ရန်အချက်များပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/လူငယ်ကလေးငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)