ပုသိမ် ဧပြီ ၂၅
ရေကြောင်းလူငယ် အခြေခံ/တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)က စီစဉ်သည့် အခြေခံရေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကစီစဉ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)တို့ကို ဖွင့်လှစ်သည့် နေ့ဖြစ်သောကြောင့် နိုင်ငံတော်၊ တပ်မတော်နှင့် မျိုးဆက်သစ်လူငယ်များအတွက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသည့် နေ့တစ်နေ့လည်းဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ယခုလို သင်တန်းများကို ဒီနေ့၊ ဒီအချိန်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်းဖွင့်လှစ်ကြမှာဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း၌ တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါဆိုးကြီးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့၍ သင်တန်းပို့ချမှုတွေ ရပ်ဆိုင်းခဲ့ရ ပါကြောင်း၊ ယခုနှစ်၌ ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခု၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၀၉ ဦးနှင့် လေကြောင်းလူငယ်သင်တန်း စခန်း၁၇ ခု၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးနှင့် ပြန်လည်ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ပါကြောင်း၊ အနာဂတ်အတွက် ခေါင်းဆောင်များဖြစ်လာမည့် မောင်တို့မယ်တို့တွေအနေဖြင့် ပညာရည်မြင့်မားပြီး ဘက်စုံ ထူးချွန်ထက်မြက်လာစေဖို့ ကျောင်းသင်ခန်းစာများသာမက အခြားသော အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် တပ်မတော်အနေဖြင့် ဒီလိုသင်တန်းတွေကို ဖွင့်လှစ်ပေးနေတာဖြစ်ပါကြောင်း၊ထို့ကြောင့် မောင်တို့မယ်တို့ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်းမှာ တတ်အားသရွေ့ ကြိုးစားအားထုတ် လေ့လာကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ရေကြောင်းဆိုင်ရာ အခြေခံပညာရပ်များနှင့် လေကြောင်းဆိုင်ရာ အခြေခံပညာရပ်များကို တတ်မြောက်သိရှိ နားလည်လာစေရေးအတွက် အထူးကြိုးစားသင်ယူပြီး နိုင်ငံတော်ကိုအကျိုးပြုနိုင်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်နှင့် သင်တန်းအစမှ အဆုံးထိတက်ရောက်နိုင်ရန်အတွက် မိမိတို့၏ ကျန်းမာရေးကို အထူးဂရုပြု ထိန်းသိမ်းလေ့ကျင့်နေထိုင်သွားကြရန် လိုပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်နေသည့် ကာလအတွင်း သင်တန်းသားအချင်းချင်း အတွေ့အကြုံများ နှီးနှောဖလှယ်ပြီး ရင်းနှီးခင်မင်မှုနဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လည်း လိုပါကြောင်း၊ သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို တိတိကျကျ လိုက်နာပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့နှင့် နိုင်ငံတော်အတွက် အားထားရသည့် သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားကြရန် လိုပါကြောင်း” တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေကြောင်းလူငယ်သင်တန်းအတွက် ထောက်ပံ့ငွေနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက လေကြောင်းလူငယ်သန်းအတွက် ထောက်ပံ့ငွေနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ခန်းမအတွင်း ပြသထားသည့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများနှင့် သင်တန်းပို့ချ ဖွင့်လှစ်ခဲ့များအား ကြည့်ရှုလေ့လာခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)