ကော့သောင်း ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် နိုင်ငံတော်အစိုးရမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့က ဂန္ထဝါစကပဏ္ဍိတဘွဲ့ ပေးအပ်ချီးမြှင့်ခြင်းခံရသော ကော့သောင်းမြို့နယ်၊ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ပဓာဏနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဉာဏ အရှင်သူမြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက်၊ သံသရာအေးဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းတိုက်ဂေါပကအဖွဲ့များ၊ အလှူ့ဒါကာ၊ဒါကာမများ၊ အမျိုးသမီးယောဂီအဖွဲ့များနှင့် ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပြီး ဦးစွာပထမဆရာတော် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်သီတင်းသုံးစေခြင်းနှင့် ဧည့်ပရိသတ်များနေရာယူခြင်း၊ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် အမျိုးသမီးယောဂီအဖွဲ့မှ ဂုဏပူဇာ၊ ရှစ်လုံးဘွဲ့သံပေါက်အလင်္ကာဖြင့် ရွတ်ဆိုပူဇော်ခြင်းနှင့် နိဗ္ဗာန်အေးစာသင်တိုက် စာချဆရာတော်ဦးကဝိန္ဒမှ ဘွဲ့ခံဆရာတော်အား ပူဇာသနပလ္လင်တော်ပေါ်သို့ ကြွရောက်သီတင်းသုံးရန် ဂါထာတော်ဖြင့် ပင့်လျှောက်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နမော တဿ(၃)ကြိမ်ဘုရားကန်တော့ရွတ်ဆို၍ ဂုဏပူဇာသဘင်အား ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် အဆို ဒေါ်မာမာစိန်၊ စောင်းလွင်မာသိန်း၊ စည်းဝါး ဦးလှမိုးထွန်းနှင့် ဗုံဦးထွန်းမြင့်တို့မှ သုံးလောကထွဋ်ထားမြတ်စွာဘုရားအား “ထူးမခြားနားရောင်ခြည်တော်ဘွဲ့ သီချင်းခန့်ပထမပိုဒ်”ဖြင့် ပင့်ဆောင်ပူဇော်ခြင်း၊ ဆရာတော်ဦးသာသနထံမှ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ ရန်အောင်မြင် ကိုးနဝင်းဆရာတော် ဦးသီလဝံသမှ ဘွဲ့ခံဆရာတော်၏ ထေရုပတ္တိကထာဖြင့် ဖတ်ကြားလျှောက်ထားခြင်းနှင့် ဒေါက်တာအရှင်ခေမိန္ဒ ရေးသားပူဇော်သော ထောပနာတေးထပ်ဖြင့် (အဆို၊အတီး)အဖွဲ့မှ သီကြူးပူဇော်ခဲ့ကြသည်။
ထို့နောက်ဘွဲ့ခံဆရာတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုမှ ဘွဲ့တော်လွှာအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်းဦးက ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဘွဲ့ခံဆရာတော်အား (အဆို၊အတီး)အဖွဲ့မှ ဆရာနိုင်တာရာရေးသားသော တင့်ရွှန်းဝေစည်ပိုဒ်စုံရတုဖြင့် သီကြူးပူဇော်ခဲ့ကြသည်။ ပြီးနောက် ဘွဲ့ခံဆရာတော်မှ သရဏီရကထာမြွတ်ကြားခဲ့ပြီး သံဃာတော်ရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဂုဏပူဇာမှတ်တမ်းလွှာစာအုပ်များအား တိုင်းဒေသကြီး(ပြန်/ဆက်) စာကြည်တိုက်များတွင် မှီငြမ်းကိုးကားစာအုပ်များအဖြစ် အသုံးပြုနိုင်ရန် အလှူ့ရှင်များက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးထံသို့ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ဆရာတော်ကြီးဦးသာသနမှ အလှူဒါနအစုစုအတွက် ရေစက်ချ အနုမောတနာတရားချီးမြှင့်၊ အမျှမေတ္တာပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပူဇော် ဆုတောင်းခြင်းနှင့်ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ ဂုဏပူဇာသဘင်အား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ကော့သောင်း(ပြန်/ဆက်)