မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စမ်းအိုင်ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အထက်မင်းလှ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီက စမ်းအိုင်ကျေးရွာဘုန်းကြီး‌ ကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က  မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လာရောက် အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးနှင့် မျိုးစုဆောင်းရေး၊ အခြားသီးနှံများ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြတ်သူက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ကဌာနများအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)