တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်(ရေ) ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်း အမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျွန်းစုမြို့နယ်တွင် ကျင်းပ

ကျွန်းစု ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်(ရေ) ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းအမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်ရွှေထွန်း၊ တနင်္သာရီရေတပ် စခန်းဌာနချုပ်မှ အမှတ်(၅၆)စစ်ရေယာဥ်စုမှူး ဒုတိယဗိုလ်မှူးကြီး ချစ်မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိစစ်သည်များ၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၉)နာရီ အချိန်က တနင်္သာရီရေတပ် စခန်းဌာနချုပ်၊ တနင်္သာရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး၊ ဗိုလ်ချုပ်ကျော်ရွှေထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြှင့်သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းကို တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များဖြစ်သည့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)၊ အခြေခံရေကူး၊ ရေကြောင်းလမ်းညွှန်၊ အခြေခံ သဘောတရားနှင့် နက္ခတ္တဗေဒ၊ GPS အသုံးပြု၍ရေကြောင်းသွားလာရေး၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံလှေလှော်ရွက်တိုက် သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၆၁)ဦး၊ သင်တန်းသူ(၅၄)ဦး၊ စုစုပေါင်း(၁၁၅)ဦးတို့က တက်ရောက်၍ သင်တန်းကာလမှာ ၂၄-၄-၂၀၂၃ မှ ၁၉-၅-၂၀၂၃ထိ (ရက်သတ္တ ၄ပတ်ကြာ) သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ခန်းမအတွင်းပြသထားသော အခြေခံရေကြောင်း လူငယ်သင်တန်းနှင့်သက်ဆိုင်သည့် ရေကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာ သင်ထောက်ကူ ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)