ကန့်ဘလူ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် နှစ်လ မှ တစ်နှစ်ခွဲထိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသက် နှစ်လ မှ တစ်နှစ်ခွဲ ထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ မေးခိုင် ၊ကြက်ညှာ၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေး ရောင်၊ (ငါးမျိုးစပ်) ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိပြီး ကိုဗစ်ကာလ ဆေးထိုး ရာသို့လာရာတွင် Mask များ ၊ Face shield များတပ်ဆင်လာရမည်ဖြစ်ကြောင်း ဘက်စုံသားဖွားဆရာမ ဒေါ်မြတ်မွန်အေးက ပြောသည်။
ဆက်လက်၍ အောက်တိုဘာ ၄ ရက်တွင် အမှတ်(၂) ရပ်ကွက်၌ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ အောက်တိုဘာ ၅ ရက်တွင် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)