ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာပေးရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

ပွင့်ဖြူ  အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးထုတ်ပြန် ကြေညာခြင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစ်စား လာရောက်ကြည့်ရှုကြကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း (၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ(၁၆၃) စီစဉ်ထားရှိကြောင်း သိရပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ စုစုပေါင်း ၁၃၃၉၀၀ ဦး ကျော် ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းတွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်မှာ ၁၄၈၀ ဦး ကျော် ပါဝင်ကြောင်း သိရသည်။

ယခု ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ၇ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန်ကြေညာပေးထားသော မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက  မိမိတို့အမည် မဲစာရင်းတွင် ပါ ၊ မပါ စိတ်ဝင်တစ်စား လာရောက်ကြည့်ရှုကြကြောင်း ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌ ဦးအောင်စန်းမြင့် က ပြောသည်။  

 ရဲဝင်းနိုင် ( ညောင်ဦး )