ဘားအံ ဧပြီ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်မှနေ၍ လူရည်ချွန် လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်သည်။
ထိုသို့တွေ့ဆုံရာတွင် ထူးချွန်လူရည်ချွန်ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ စံနမူနာပြုကျောင်းသားလူငယ် လူရည်ချွန် မောင်မယ်များအနေဖြင့် မိမိတို့သွားရောက်ရမည့်လူရည်ချွန်စခန်များတွင် နိုင်ငံအနှံ့အပြားမှ ရောက်ရှိလာကြမည့် သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာဖြင့် မိမိတို့နေထိုင်ရာဒေသ ရိုးရာဓလေ့ထုံးစံများကို ဖလှယ်၍ ဒေသန္တရဗဟုသုတများကို အတူတကွ လေ့လာအပန်းဖြေကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပူပြင်းသည့် ရာသီဥတုအချိန်အခါတွင် ကျန်းမာရေးကိုအထူးဂရုစိုက်ကြစေလိုပြီး သက်ဆိုင်ရာ လူရည်ချွန်စခန်းမှ ချမှတ်ထားသောစည်းကမ်းအတိုင်းလိုက်နာနေထိုင် သွားကြရန်၊ လူရည်ချွန် အပန်းဖြေစခန်းမှ တွေ့ကြုံရရှိသောဗဟုသုတများကို အခြေခံ၍ နိုင်ငံတော်မှအားထားရသော လူငယ်များဖြစ်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဒေါ်နန့်စယ်လီလှိုင်က လူရည်ချွန်လုပ်ငန်းစဉ်၊ အပန်းဖြေခရီးစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့်ကြီးကြပ်ဆရာ/မများအတွက် ငွေကျပ် ၃၀ သိန်းနှင့် ခရီးစရိတ် ၇၅၅,၀၀၀ စုစုပေါင်းငွေကျပ် ၃,၇၅၅,၀၀၀(သုံးဆယ်ခုနှစ်သိန်းငါးသောင်းငါးထောင်)ကို ထောက်ပံ့ပေးအပ်ခဲ့ရာ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ထူးချွန်လူရည်ချွန်ကျောင်သား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ကရင်ပြည်နယ်ကိုယ်စားပြုထူးချွန် လူရည်ချွန်များကို ခရိုင်နှစ်ခုဖြင့် ရွေးချယ်ခဲ့ပြီး အဋ္ဌမတန်း Grade-9 တွင် ကျောင်းသား၊ ကျောင်းသူ (၄) ဦး၊ ကြီးကြပ်ဆရာတစ်ဦးဖြင့် ပုဂံအပန်းဖြေစခန်း၊ ဒသမတန်း Grde-10 တွင် ကျောင်းသား/ကျောင်းသူ (၄) ဦး ကြီးကြပ်ဆရာမတစ်ဦးဖြင့် တောင်ကြီးအပန်းဖြေစခန်း၊ ဧကဒသမတန်း Grde-11 တွင် ကျောင်းသား/ကျောင်းသူ (၄) ဦး၊ ကြီးကြပ်ဆရာမတစ်ဦးဖြင့် ငွေဆောင်အပန်းဖြေစခန်းများသို့ နေပြည်တော်စုရပ်မှတစ်ဆင့် အသီးသီးပို့ဆောင်ပြီး ဒေသန္တရဗဟုသုတ လေ့လာစရာများကို လေ့လာမှတ်သားအပန်းဖြေကြရမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့နယ်သံဃနာယကအဖွဲ့မှ ဦးဆောင်ဖွင့်လှစ် သော နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို နံနက် ၉ နာရီခန့်က တောင်တန်းသာသနာပြု (ဗဟို) ကျောင်းဓမ္မာရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အဖွဲ့ဝင် ခေမာရာမကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်၊ မြို့နယ်ဩဝါဒါစရိယဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၂၂ သိန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာအုပ် များကို နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကြီးကြပ်ဆရာတော်ကိုယ်စား ပြည်နယ်သာသာနာရေးမှူးထံ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်ဘုန်းတော်ကြီးသင်ပညာရေးအဖွဲ့ဥက္ကဋ္ဌ တောင်တန်းသာသနာပြု(ဗဟို)ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မပါလက နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၁၂ ဦးတက်ရောက်လျက်ရှိကာ ဧပြီလ ၂၄ ရက်နေ့မှ မေလ ၄ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)