ရေတာရှည်မြို့နယ်၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီပညာသင်တန်းများ အခမဲ့ဖွင့်လှစ်

ရေတာရှည်  ဧပြီ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အ​ခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး​နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုဝါ​ကျော်က သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့ရာ ပန်းချီသင်တန်းနည်းပြဆရာကြီး ဦးယဉ်​ထွေးက လက်ခံရယူခဲ့​သည်။

အဆိုပါသင်တန်းများအား ကျောင်းသား၊ ကျောင်းသူလေးများအ​နေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာစေရန်၊ ပန်းချီအနုပညာကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ တီထွင်ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အခမဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  ဧပြီလ(၂၄)ရက်နေ့မှ မေလ(၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်  အင်္ဂလိပ်စာ သင်တန်းတွင် သင်တန်းသား(၆၀)ဦး၊ ပန်းချီသင်တန်းတွင် သင်တန်းသား(၅၀)ဦး တက်​ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)