ဗန်းမောက် အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင် ဝဥ တူးဖော်ရောင်းချလုပ်ကိုင်ဆောင်ရွက်ခြင်းလုပ်ငန်းဖြင့် မိသားစုအပို ဝင်ငွေရရှိ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ လက်လုပ်လက်စားသမား များအနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိရေးအတွက် တောတောင်ထဲတွင် သဘာဝပေါက်နေသော ဝဥများ တူးဖော်ရောင်းချရကြောင်း၊ အခြားစီးပွားရေးလုပ်ငန်းများလို ငွေအရင်းအနှီးများစွာ မလိုအပ်ဘဲ လုပ်ကိုင်၍ရခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိကာ စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိ ကြောင်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်ကာ လုပ်ကိုင်ရခြင်းကြောင့် အပိုဝင် ငွေရရှိကြောင်း၊ နေအိမ်ခြံဝင်းတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ကြောင်း၊ နှစ်စဉ် တော်သလင်းလမှစတင်၍ ကျေးရွာအနီးရှိ တောတောင်များတွင် တူးဖော်ရောင်းချကြောင်း၊ တစ်ရက်လျှင် ဆယ်ပိဿာထိ တူးဖော်ရောင်းချကြောင်း၊ ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေ(၁၂၀၀) ကျပ်နှင့် ဝဥ မျိုးစေ့ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ထိရှိကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ဝဥ စျေးနှုန်းအနည်းငယ် မြင့်
တက်သောကြောင့် ဝဥ တူးဖော်ရောင်းချခြင်းလုပ်ငန်းသည် မိသားစုအတွက် စားဝတ်နေရေးအဆင်ပြေ ကာ အပိုဝင်ငွေရရှိကြောင်းကို ပင်ဟင်းခါးကျေးရွာနေ ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။
ဗန်းမောက်မြို့နယ်တွင် တောတောင်များအတွင်း သဘာဝပေါက်နေသော ဝဥများ တူးဖော်ရောင်းချကြရာမှ ယခုအခါတွင် တောင်ယာများနှင့် နေအိမ်ခြံဝင်များတွင် မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရန်အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြကြောင်း သိရသည်။
ကျော်စွာ (ဗန်းမောက်)