ဟိုင်းကြီးကျွန်း ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နွေရာသီအားလပ်ရက်များ၌ ကျောင်းသား/ ကျောင်းသူများ ကွန်ပျူတာ အသုံးပြုနိုင်စေရန်အတွက် ရွှေကျွန်းသားပညာရေး ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ကွန်ပျူတာအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း မြကျွန်းသာဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် ရွှေကျွန်းသားပညာရေးဖောင်ဒေးရှင်း တာဝန်ရှိသူများမှ ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရွှေကျွန်းသားပညာရေးဖောင်ဒေးရှင်း၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားကာ ကျောင်းသား/ ကျောင်းသူများ ကွန်ပျူတာအခြေခံပိုင်နိုင်စေရန်အတွက် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရွှေကျွန်းသားပညာရေးဖောင်ဒေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကွန်ပျူတာအခြေခံသင်တန်းကို ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)