ထားဝယ်မြို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် ဧပြီ ၂၄

၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှူးမှ ကြီးမှူးကျင်းပမည့် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ  က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက လာမည့်ကဆုန်လပြည့်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပမှာဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်း ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရှိန်းစိုးက ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေနွေးရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)