ရှမ်းရွာသစ်မြို့ ကျုံထော်ရေတံခွန်တွင် တစ်နေ့လျှင်ခရီးသွားပြည်သူ (၅၀၀)ကျော်ခန့် လာရောက်အပန်းဖြေ

ရှမ်းရွာသစ် ဧပြီ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ရင်းဘိုင်းကျေးရွာအုပ်စု၊ ကလူးထော်ကျေးရွာတွင် တည်ရှိသော ကျုံထော်ရေတံခွန်သို့ နွေရာသီကာလတွင် တစ်နေ့လျင် ခရီးသွားပြည်သူ (၅၀၀)ခန့်နေ့စဉ် လာရောက်ရေကစားအပန်းဖြေလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့မှ မိုင်(၂၀)ကွာဝေးသော ကျုံထော်ရေတံခွန်သည် တောတောင်များကြားတွင် သဘာဝ အလျှောက်ဖြစ်ပေါ်နေသော ကျောက်ထပ်အဆင့်ဆင့်ရှိ အေးမြကြည်လင်နေသောရေများဖြင့် စီးဆင်းလျက်ရှိရာ ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုလည်းဖြစ်သည်။ သဘာဝကျောက်ဆောင်ကြီးများမှ တစ်ဆင့် စီးဆင်းဖြာကြနေသည် ရေတံခွန်အလှ၊ တောတောင်ရှုခင်း အလှများဖြင့် ပြည့်နှက်နေသည့် ကျုံထော်ရေတံခွန်ကို ဘားအံ၊ လှိုင်းဘွဲမှဒေသနေပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများကလည်း ယဉ်ကြီး၊ ယဉ်ငယ်များဖြင့် နေ့စဉ်လာရောက်အပန်းဖြေ လာရောက်ရေကစားကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ကျုံထော်ရေတံခွန်သည် သတ်သတ်လွတ်နယ်မြေ ဖြစ်သည့်အတွက် အသား၊ ငါး၊ မူးယစ်ဆေးဝါးနှင့်၊ အရက်၊ ဘီယာများကိုလည်း ယူဆောင်ရန်တားမြစ်ထားကြောင်း၊  သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် မိမိနှင့်ပါလာသော အစားအသောက်များကို ရေတံခွန်အတွင်းမှာ စားသောက်ပြီး စားကြွင်းစားကျန်များကို ရေတံခွန်အတွင်း စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ကြရန်လည်း စည်းကမ်းသတ်မှတ်ထားကြောင်းလည်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျုံထော်ရေတံခွန်တွင် ဒေသထွက် ရာသီစာဟင်းသီးဟင်းရွက်ရောင်းချသူများ၊ အမှတ်တရလက် ဆောင်ရောင်းချသူများ၊ သတ်သတ်လွတ်အစားအစာ ရောင်းချသူများအနေဖြင့်လည်း နွေရာသီကာလတွင် ခရီးသွားပြည်သူများ နေ့စဉ်လာရောက်အပန်းဖြေရေကစားသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေပြီး အပိုဝင်ငွေရရှိလျက်ရှိကြောင်းလည်း သိရသည်။

ဇင်လေး(ပြန်/ဆက်)