တောင်တွင်းကြီးမြို့နယ် သီလကျေးရွာမှ တစ်နိုင်တစ်ပိုင် ဟင်းနုနယ်စိုက်ပျိုးသူများ အဆင်ပြေ

တောင်တွင်းကြီး ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများသည် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် မြေအောက်ရေကို အမှီပြု၍ တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းနုနယ်စိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြရာ အဆင်ပြေလျက်ရှိကြောင်း သီလကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

သီလကျေးရွာရှိ ဒေသခံတောင်သူများသည် ဟင်းနုနယ်ကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး အသုတ်လိုက်ခွဲ၍ စိုက်ပျိုးကြကြောင်း၊ ဒေသမျိုးကိုသာ မျိုးခံ၍ စိုက်ပျိုးကြောင်း၊ ယခုလက်ရှိစိုက်ခင်းသည် လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံးခန့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ပထမဦးစွာ ပျိုးဘောင်တွင် ပျိုးထောင်၍ ပျိုးသက် ရက်(၂၀)အကြာတွင် စိုက်ခင်းအတွင်းရှိ စိုက်ဘောင်များအတွင်း ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ နေ့စဉ်ရေသွင်းပေးရကြောင်း၊ စိုက်ပြီးတစ်လအကြာတွင် အညွှန့်များ စတင်ခူးဆွတ်ရကြောင်း၊ တစ်ပတ်လျှင်တစ်ကြိမ် အညွှန့်များ ခူးဆွတ်ရပြီး တစ်ခါခူးလျှင် (၁၅)ပိဿာဝန်းကျင် ရရှိကြောင်း၊ (၆)လခန့်ထိ အညွှန့်များ ခူးဆွတ်ရောင်းချရကြောင်းနှင့် လက်ရှိတွင် တစ်ပိဿာ(၁၀၀၀)ကျပ်ဖြင့် ဖောက်သယ်ပေးသွင်းနေရကြောင်း ဟင်းနုနယ်စိုက်ပျိုးသူများထံမှ သိရသည်။

ဟင်းနုနယ်သည် ဗီတာမင်အေနှင့် သံဓာတ်ကြွယ်ဝသော ဟင်းရွက်ဖြစ်ပြီး ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်း၊ သုပ်စားခြင်းဖြင့် အဓိကစားသုံးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)